Breaking News

ချာ့ခ်ျကျောင်းလာသူများကို ဆားရည်နှင့်ဖျန်းရာမှ ၄၆ ဦးထက်မနည်း ရောဂါပိုးကူးစက်ခံခဲ့ရ

တောင်ကိုရီးယားနိုင်ငံ Gyeonggi ဒေသက River of Grace Community ချာ့ခ်ျကျောင်းမှာ  Coronavirus ရောဂါပိုးကာကွယ်ဖို့ ချာ့ခ်ျကျောင်းလာသူတွေရဲ့ပါးစပ်ထဲကို စပရေးဘူးနဲ့ဆားရည်ဖျန်းပေးခဲ့ရာကနေ ၄၆ ဦးထက်မနည်း ရောဂါပိုးကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
 မတ်လ ၈ ရက်မှာ ချာ့ခ်ျကျောင်းတာဝန်ရှိသူတစ်ဦးက စပရေးဘူးရဲ့ပြွန်ကို မသန့်စင်ထားဘဲ စပရေးဘူးပြွန်နှုတ်သီးကို လူတစ်ယောက်ချင်းစီရဲ့ပါးစပ်ထဲအထိထည့်ပြီး ဆားရည်ဖျန်းပေးခဲ့တာပါ။ 
အစောပိုင်းမှာ သင်းအုပ်ဆရာအပါအဝင် လူခြောက်ဦးမှာ ရောဂါပိုးကူးစက်ခံထားရကြောင်းထွက်ပေါ်လာခဲ့ပေမယ့် မတ်လ ၁၆ ရက်မှာတော့ လူပေါင်း ၄၆ ဦးထက်မနည်း ရောဂါပိုးကူးစက်ခံခဲ့ရကြောင်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
ချာ့ခ်ျကျောင်းမှာ နောက်လိုက် ၁၃၅ ဦးရှိပြီး အဆိုပါမတ်လ ၈ ရက်မှာ ချာ့ခ်ျကျောင်းတက်သူ ၉၀ ခန့်ရှိခဲ့ပါတယ်။ နောက်လိုက် ၁၃၅ ဦးလုံး ရောဂါပိုးစစ်ဆေးမှုခံယူခဲ့ကြပါတယ်။ ကင် လို့သာသိရတဲ့ ချာ့ခ်ျကျောင်းရဲ့သင်းအုပ်ဆရာက လူအစုလိုက်အပြုံလိုက် ရောဂါပိုးကူးစက်စေခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

(Independent,17.3.2020) အေးယုနိုင်

No comments