Breaking News

🦠 Contagion ရုပ်ရှင်နဲ့ COVID-19 🦠

Contagion ဆိုတဲ့ ရုပ်ရှင်က ၂၀၁၁ ခုနှစ် က ရုံတင်ခဲ့တဲ့ ရုပ်ရှင်ပေါ့..။

အဲဒီ ရုပ်ရှင်ဟာ COVID-19 ကို နိမိတ်ပြခဲ့တဲ့ ရုပ်ရှင်လားလို့တောင် ဆိုနိုင်ပါတယ်..။

COVID-19 ပေါ်လာတော့ 'Contagion' ရုပ်ရှင်က iTunes မှာ လူကြိုက်အများဆုံးဖြစ်လာတယ်..။

🦠

ရုပ်ရှင် "Contagion" မှာ မိန်းမ ချောင်းဆိုးသံနဲ့ စတယ်..။

အခုတော့ ချောင်းဆိုးသံတွေဟာ COVID-19 ပျံ့နှံ့နေတဲ့ နိုင်ငံတွေအတွက်တော့ တကယ့်ကို ​ချောက်ချားစရာ  မိစ္ဆာခေါ်သံတွေ...။

🦠
ဟုတ်တယ်လေ...။
COVID-19 လူတွေကို ဒုက္ခစပေးရင် အဲဒီရုပ်ရှင်ထဲကလို...

ချောင်းဆိုး၊
နှာချေ ၊
နှာရည်ယို၊
အဖျားတက်၊
ပင်ပန်းနွမ်းနယ်၊
အသက်ရှူကျပ်၊
လည်ချောင်းနာ..။

🦠

MEV-1 လို့ခေါ်တဲ့ "Contagion" ရုပ်ရှင်က စိတ်ကူးယဉ်ဗိုင်းရပ်စ်ဟာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်လိုပဲ တိရစ္ဆာန်က (zoonotic disease) ရခဲ့တာပေါ့..။
🦠

ရုပ်ရှင်ထဲကလို ဒီနေ့ ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ကို “ဝူဟန် ဗိုင်းရပ်စ် “ လို့ ခေါ်ဝေါ်တတ်ကြသေးတယ်..။ ဒါဟာ ဝူဟန်မြို့ကို နှိမ်ချရာရောက်ပါတယ်..။

ဒါကြောင့် Coronavirus 2019 (COVID-19) လို့ခေါ်တာ ပိုသင့်တော်ပါတယ်...။

🦠

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ဆိုတာကို အဲဒီ ရုပ်ရှင်မတိုင်ခင် ၁၉၆၀ -၁၉၇၀ နှစ်ပိုင်းတွေကတည်းက စပြီး သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့တယ်..။

လူတွေ အချင်းချင်းကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစား ၄ မျိုးက ဟိုးအစကတည်းက ရှိပြီးသား...။

229E (alpha coronavirus)
NL63 (alpha coronavirus)
OC43 (beta coronavirus)
HKU1 (beta coronavirus)

အဲဒီ အမျိုးအစား ၄ ခုက “လူ ကိုရိုနာ” ပေါ့..။

“လူ ကိုရိုနာဗိုင်းရပ်စ် “ က လူအချင်းချင်းကူးရင် သာမန် ရိုးရိုးအဖျားလိုပဲ အန္တရာယ်သိပ်မပေးလှဘူး..။

ဗိုင်းရပ်စ်ဝင်ပြီး နေမကောင်းဖြစ်လာရင် အကိုက်အခဲပျောက်ဆေးသောက်၊ ရေ ( မပူမအေး) များများသောက်၊ အိမ်မှာနေပြီးအနားယူရင် အချိန်တန်ပျောက်သွားရော..။

🦠

ဒီနေ့ခေတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား ၇ ခုဖြစ်သွားပြီ..။

“ တိရစ္ဆာန် ကိုရိုနာ” ၃ မျိုးက လူတွေဆီရောက်လာလို့ပဲ..။

တိရစ္ဆာန်တွေဆီက ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား အသစ် ၃ ခုက

SARS-CoV (လင်းနို့၊ တောကြောင်)
MERS-CoV ( လင်းနို့၊ ကုလားအုတ်)
2019nCoV(လင်းနို့,သင်းခွေချပ် )ပေါ့။

အခြားတိရစ္ဆာန် အချို့တွေမှာလည်း ကိုရိုနာဗိုင်းရပ်စ်တွေ ရှိနေတယ်..။

🦠

ရုပ်ရှင်ထဲမှာလည်း လင်းနို့ရဲ့ ဗိုင်းရပ်စ်က ဝက်ကို ကူးတယ်..။ အဲဒီ ဝက်ကိုခုတ်ထစ်တဲ့ စားဖိုမှူး နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ Beth Emhoff က ဗိုင်းရပ်စ်ရသွားတယ်..။

ရုပ်ရှင်ထဲကလိုပဲ မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုအားလုံးအရ ‘တိရစ္ဆာန် ကိုရိုနာဗိုင်းရပ်စ်’ ၃ မျိုးလုံးကို လင်းနို့ဆီက တဆင့်ရတယ်လို့ ပညာရှင်တွေက ဆုံးဖြတ်ကြတယ်..။

တရုပ်နိုင်ငံ က အသားစိမ်း နဲ့ အရှင်တွေရောင်းတဲ့စျေး (Wet market) ကို ပိတ်ဖို့ပြောနေကြပေမဲ့ ကမ္ဘာအနှံ့အပြားမှာရှိနေတာမို့ အားလုံး ပိတ်မှ ကာကွယ်နိုင်မှာဖြစ်ပါတယ်...။

ထိုင်းမှာလဲ တောတွင်း ရှားပါး တိရိစ္ဆာန်တွေရောင်းတဲ့ စျေးရှိပါတယ်..။

🦠

အဲဒီလို “တိရစ္ဆာန် ကိုရိုနာ” တွေက “ လူ ကိုရိုနာ” ဖြစ်သွားတော့ အန္တရာယ် ကောင်းကောင်းပေးတော့တာပဲ..။

လူပေါင်းများစွာ သေခဲ့....၊
သေနေဆဲ...။

🦠

ရုပ်ရှင် နဲ့ မတူတဲ့ အချက်က

MEV-1 ကူးစက်ပျံ့နှံ့နှုန်းဟာ ၂၉ ရက်မြောက်နေ့မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူ ၂၆ သန်း သေဆုံးခဲ့တယ်..။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်ဟာ COVID-19 ဖြစ်ပွားမှု ၂၉ရက်မြောက်နေ့ ဖြစ်ပြီး အဲဒီအချိန်မှာ လူပေါင်း ၂၁၀ ကျော်ပဲ သေဆုံးခဲ့တယ်...။

🦠

ကမ္ဘာပေါ်က လူတော်တော်များများဟာ လက်တွေ့မှာ ရုပ်ရှင်ထဲကလောက် သေဆုံးမှုမရှိပေမဲ့ တရုတ်၊ အီတလီ၊တောင်ကိုရီးယား၊ အီရန်လို နိုင်ငံမျိုးတွေမှာ ရုပ်ရှင်ထဲကလို တုန်လှုပ်နေကြပြီ..။

COVID-19 ဟာ အန္တရာယ်ရှိတာ မှန်ပေမဲ့ လူတွေရဲ့ အကြောက်တရားကြောင့် အဆပေါင်းများစွာ အန္တရာယ်ရှိသလို ခံစားနေရတယ်ဆိုတာ Contagion ရုပ်ရှင်က ပြောပြထားတယ်..။

🦠

Contagion ရုပ်ရှင်မှာ Matt Damon က  Emhoff ရဲ့ ခင်ပွန်းအဖြစ် သရုပ်ဆောင်ထားတယ်..။ မိန်းမနဲ့ ကလေး ရောဂါဖြစ်နေပေမဲ့ ကိုယ်ခံအားကောင်းလို့ သူ့ကို ရောဂါမကူးစက်တဲ့ပုံစံမျိုး ဇာတ်လမ်းဆင်ထားတယ်...။

အဲဒီအချက်ကလည်း ကွဲတယ်..။

သိပ္ပံပညာရှင် Neil Ferguson (Imperial College London) က လူတစ်ဦးချင်းစီရဲ့ ကိုယ်ခံစွမ်းအားနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ မသက်ဆိုင်ဘူးလို့ ပြောခဲ့တယ်..။

ကိုရိုနာဗိုင်းရပ်စ်ဟာ အခြား တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ မတူလို့ဖြစ်တယ်..။

🦠

ရုပ်ရှင်ထဲက MEV-1 ဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်ရှိတဲ့ လူနာတွေနဲ့ ထိတွေ့တဲ့ မျက်နှာပြင်၊ ပစ္စည်းတွေက တစ်ဆင့် ပျံ့နှံ့တယ်..။

ဒါလည်း မတူဘူး...။

COVID-19 ဗိုင်းရပ်စ် အမှုန်တွေကတော့ ပစ္စည်းတွေရဲ့ မျက်နှာပြင်တွေပေါ်မှာ အကြာကြီး မနေနိုင်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး W.H.O ကပြောတယ်..။

အခုအထိတော့ ရေခဲရိုက်၊ စည်သွပ်ဘူး စတဲ့ အစားအစာတွေက တစ်ဆင့် ကူးတယ်လို့ ဘယ်သူမှ မပြောကြသေးဘူး..။

🦠

COVID-19 ဗိုင်းရပ်စ်ကို ပေးမယ့် အဓိကရန်သူကလူ နဲ့ ကိုယ့်ရဲ့လက်ဖဝါးနှစ်ဖက်ပဲ..။

လူ....။

COVID-19 ရနေတဲ့သူတွေနှာချေ၊ ချောင်းဆိုးရင် COVID-19 ဗိုင်းရပ်စ်တွေဟာ အလွန်သေးငယ်တော့ လေထဲမှာ မျောလွင့်နေရော...။ ရှူမိရင် တိုက်ရိုက်ဝင်တာပဲ..။

လက်...။

Contagion ရုပ်ရှင်ကိုကြည့်ရင်လည်း လူတွေရဲ့လက်တွေကို ခဏ ခဏ ရိုက်ပြထားတာကို တွေ့ရပါမယ်...။

မျက်နှာနားကို လက်မရောက်ခင် လက်ကို စင်စင်ကြယ်ကြယ် ဆေးကြောရမယ်...။

🦠

ဘာကြောင့်လဲဆိုတော့ COVID-19 ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်... ကျောက်ကပ် အထိရောက်ရှိပြီး နောက်ဆုံးအဆင့်က ကျောက်ကပ်ပျက်စီးစေနိုင်လို့ပေါ့..။

အသက်ရှူလမ်းကြောင်းဆိုတာ နှာခေါင်း၊ ပါးစပ် နောက်ပြီးတော့ (လက်နဲ့ မျက်စိ ခဏခဏပွတ်ရင်) မျက်စိလည်းပါတယ်..။

🦠

ဗိုင်းရပ်စ်ဆိုတာ ဘက်တီးရီးယားတွေလို သူ့ဖာသာသူ ရပ်တည်နိုင်တဲ့ ကောင်တွေမဟုတ်ဘူး..။

လွယ်လွယ် ဥပမာ ပေးရရင် ကပ်ပါးကောင်တွေလိုပဲ .. ။ တွယ်စရာရှိမှ ...။

ဗိုင်းရပ်စ်တွေဟာ သေနေတဲ့အရာတွေ လို့ မဆိုနိုင်ပေမဲ့ ရှင်နေတဲ့ အရာတွေလည်းမဟုတ်ဘူးတဲ့..။

ခန္ဓာကိုယ်ထဲ ဝင်သွားရင်တော့ ခန္ဓာကိုယ်ထဲက ပရိုတင်းတစ်မျိုးနဲ့ပေါင်း ... မိတ္တူကူးစက်နဲ့ မိတ္တူကူးလိုက်သလို ကော်ပီတွေဖြစ်ပြီး ပွားကုန်တာ...။

ဒါကြောင့် ဗိုင်းရပ်စ်တွေဟာ သူတို့တွယ်ရမယ့် အရာမရှိရင် ကြာကြာ မနေနိုင်ကြဘူး...။

ဒါကြောင့် လက်ကို မကြာခဏဆေးရင် သူတို့ သွားတာပဲ...။

ဗိုင်းရပ်စ်ရှိတဲ့လက်နဲ့ မျက်နှာကိုကိုင်လိုက်ရင် အသက်ရှူလမ်းကြောင်းတွေက တစ်ဆင့် ကိုယ်ထဲဝင်တော့တာပေါ့...။

🦠

ကံဆိုးတာက လူတွေဟာ ကိုယ့်မျက်နှာကို မကိုင်မိဖို့ဆိုတာက သိပ်ကို ခက်ခဲတယ်ဆိုတာပါပဲ...။

ဝါရှင်တန် ပို့စ် သတင်းစာက ကျန်းမာရေးအရာရှိတွေက လူတွေကို မျက်နှာကိုလက်နဲ့ မကိုင်ကြပါနဲ့လို့ သတိပေးပြီး စမ်းသတ်ဗီဒီယို ရိုက်ထားတယ်..။

သတိပေးထားတာတောင် လူတစ်ယောက်ဟာ တစ်နာရီအတွင်း ၁၅ ကြိမ်ကနေ အကြိမ် ၅၀ အထိ မိမိမျက်နှာကို လက်နဲ့ကိုင်တယ်လို့ ဆိုတယ်..။

🦠

ကိုယ့်လက်ထဲက စမတ်ဖုန်းကတော့ အန္တရာယ်အများဆုံးပဲ...။ လက်နဲ့ မကြာခဏကိုင်လိုက်... ဖုန်းပြောလိုက်...။

ဘယ် ဗိုင်းရပ်စ်မဆို စတီးလ်လို... ဖန်လို.. ပလတ်စတစ်လို မျက်နှာပြင်ချောချောတွေမှာ ကြာကြာနေနိုင်ပြီး လူတွေရဲ့ခန္ဓာကိုယ်ထဲဝင်ဖို့ စောင့်နေတတ်တယ်တဲ့...။

🦠

ရုပ်ရှင်ထဲမှာ ကာကွယ်ဆေး (Vaccine)ကို သိပ္ပံပညာရှင်တွေက လျင်လျင်မြန်မြန် ထုတ်လုပ်နိုင်ပေမဲ့ တကယ့်လက်တွေ့မှာ ရုပ်ရှင်ထဲကလို Vaccine ရဖို့ မဖြစ်နိုင်ဘူး..။ (ဥပမာ- ၁၉၇၆ ကတည်းက အီဘိုလာရောဂါ စခဲ့တာ Ebola vaccine အီဘိုလာကာကွယ်ဆေးကို ၂၀၁၉ ဒီဇင်ဘာမှ အသေအချာ ထုတ်နိုင်ခဲ့တယ် ) ..။

COVID-19 ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်းက ကြိုးစားနေပေမဲ့ စမ်းသပ်မှုဆိုတာ အချိန်ပေးရတယ်..။ အနည်းဆုံးတော့ ဒီနှစ်ကုန်ထိ စောင့်ရမှာပဲ..။

🦠

လက်တွေ့မှာ တော့ ဗိုင်းရပ်စ် ရှိ၊ မရှိ ရှာဖွေတဲ့စက်တွေပဲရှိပါတယ်....။

တောင်ကိုရီးယားမှာတော့ COVID-19 ဗိုင်းရပ်စ်ကို rRT-PCR test (Real Time Reverse transcription polymerase chain reaction) နဲ့ စစ်တယ်..။ ၆ နာရီကြာရင် သိရပါတယ်..။

🦠

ရုပ်ရှင် ထဲမှာ ဗိုင်းရပ်စ်ကြောင့် လူတွေသေကုန်ကြတယ်။ မသေတဲ့သူတွေက ကုသနည်းကို ကြိုးစားရှာဖွေကြတယ်..။

တစ်နေ့တခြား လူတွေထပ်သေကုန်ကြတယ်..။ သတင်းစာရှင်းလင်းပွဲ အတုတွေလုပ်တယ်...။

အခုလက်ရှိဖြစ်နေတာနဲ့ တစ်ထပ်တည်းပဲ...။

🦠

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) Coronavirus (COVID-19) ဖြစ်ပွားမှုကို “ ကမ္ဘာ့ကပ်ရောဂါ” လို့ ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက် ( မနေ့ ) က တရားဝင်သတ်မှတ်လိုက်ပါပြီ..။

လူ ၄၃၀၀ ကျော်သေဆုံးနေပြီလေ...။ 

🦠

လွန်ခဲ့တဲ့ ၉ နှစ်က Contagion ရုပ်ရှင်ဖြစ်ပါတယ်..။

ရုပ်ရှင်ထဲက ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေဟာ အခုလောလောဆယ် ကိုယ့်အိမ်က ပြတင်းပေါက်ဝ အပြင်ဘက်မှာ တကယ်ဖြစ်လာခဲ့...။

🦠

နိမိတ်ဆိုတာ...။

🦠

မရွှေမိုး ( ကိုရီးယား )
March 12, 2020. 


No comments