Breaking News

ဗိုင်းရပ်စ်ဒဏ် အပြင်းအပျော့က သွေးအုပ်စုအလိုက် ကွဲပြားနိုင်တယ်လို့ဆို

A သွေးသမားတွေဟာ တခြား သွေးအုပ်စုဝင်တွေထက် Covid-19 ရောဂါဒဏ်ကို ထိခိုက် ခံစားရနိုင်ခြေ ပိုပြီး မြင့်မားနိုင်ကြောင်း တရုတ် သုတေသီတွေက မှတ်ချက် ပေးခဲ့ပါတယ်။

ဝူဟန်နဲ့ ရှန်ဇန်း မြို့တွေမှာ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ လူနာပေါင်း ၂၀၀၀ ကျော်ကို အခြေပြုပြီး တရုတ် ပညာရှင်တွေက သုတေသန စစ်တမ်းတစ်ရပ် ပြုစုကြည့်ခဲ့တာ ဖြစ်ပါတယ်။ Sars-Cov-2ဟာ Covid-19 ကူးစက်မြန် အဆုတ်ရောင် ရောဂါကို ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်အတွက် တရားဝင် သတ်မှတ်ထားတဲ့ နာမည်ပါ။

နှိုင်းယှဉ် စစ်ဆေးမှု ရလဒ်တွေက Covid-19 ရောဂါရဲ့ လက္ခဏာတွေကို အပြင်းအထန် ခံစားရတဲ့ထဲမှာ A သွေးအုပ်စုဝင်တွေ အများဆုံး ဖြစ်တယ်လို့ ညွှန်ပြနေပါတယ်။ ဆန့်ကျင်ဖက် အနေနဲ့ O သွေး အုပ်စုတွေမှာတော့ ရောဂါဒဏ် သက်ရောက်ခံစားရနိုင်ခြေ အနည်းဆုံး ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။  

ဒီရလဒ်ကို အတည်ပြုနိုင်ဖို့အတွက် ပိုပြီး ကျယ်ပြန့်တဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေ လိုအပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ A သွေးသမားတွေဟာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မရှိအောင် ပိုပြီးတော့ အလေးထား ဂရုစိုက်သင့်ပြီလို့ ဝူဟန် တက္ကသိုလ်၊ ဇောင်နန်း ဆေးရုံရဲ့ ဦးဆောင် သုတေသီ ဒေါက်တာ ဝမ်ရှင်ဟွမ်က ကြေညာခဲ့ပါတယ်။

Sars-Cov-2 ဗိုင်းရပ်စ် ကူးစက် ခံရပြီဆိုရင် A သွေးပိုင်ရှင်တွေက အတိုင်းအတာ ကျယ်ပြန့် ကြီးမားတဲ့ ကြပ်မတ် ကုသမှုတွေ ခံယူရတာမျိုး တခြား သွေးအုပ်စုတွေထက် ပိုများကြောင်း ဒေါက်တာဝမ်က ဆိုပါတယ်။ O သွေးပိုင်ရှင်တွေကတော့ တခြား သွေးအုပ်စုတွေနဲ့ ယှဉ်ရင် ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေ အတော်လေး သိသိသာသာ ပိုနည်းနေတယ်လို့လည်း ဒေါက်တာဝမ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။

စာရင်းပြုစု လေ့လာတဲ့ လူနာတွေထဲမှာ ၂၀၆ ဦး သေဆုံးခဲ့ပြီး A သွေးပိုင်ရှင်က ၈၅ ဦး ဖြစ်ပါတယ်။ O သွေးသမားတွေ သေဆုံးတာက ၅၂ ဦး ရှိခဲ့ပြီး A သွေးသမားတွေထက် အသေအပျောက် ၆၃ ရာခိုင်နှုန်း ပိုပြီး နည်းပါးခဲ့ပါတယ်။ 

သွေးဆဲလ်တွေရဲ့ မျက်နှာပြင်မှာ တွဲခိုနေတဲ့ Antigenဆိုတဲ့ ဓာတ်ပစ္စည်းတွေ ကွဲပြားမှုကို အခြေခံပြီး သွေးအုပ်စုတွေ ခွဲခြား သတ်မှတ်ထားတာပါ။ Antigenတွေဟာ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို လှုံ့ဆော်ပေးလေ့ ရှိပါတယ်။ Antigen ဖွဲ့စည်းမှုတွေကို အခြေခံပြီး သွေးအုပ်စု A၊ B၊ ABနဲ့ Oဆိုပြီး ခွဲခြား သတ်မှတ်ထားတာပါ။

သွေးအုပ်စု ကွဲပြားမှုတွေဟာ နိုင်ငံအလိုက် ကွာခြားမှုတော့ ရှိတတ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် နိုင်ငံသား အားလုံးရဲ့ ၄၄ ရာခိုင်နှုန်းက O သွေးတွေပါ။ A သွေးသမားက ၄၁ ရာခိုင်နှုန်း ရှိပါတယ်။ ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်လာရာ ဝူဟန်မြို့မှာတော့ လူဦးရေ စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းက O သွေးအုပ်စုဝင်ဖြစ်ပြီး A သွေးသမားတွေက ၃၄ ရာခိုင်နှုန်း ရှိနေတယ်လို့ သိရပါတယ်။ 

Photo - EPA
Cred - 7 Day

No comments