Breaking News

ပီတိမျက်ရည်

မိန်းမ ပေးလိုက်သည့် ထမင်းချိုင့်ကို လက်တစ်ဖက်က ဆွဲ၊ လက်တစ်ဖက်က အိတ်ကို ဆွဲရင်း ဦးထွန်းအေး  မှတ်တိုင်တွင် စောင့်နေသည်မှာ တစ်နာရီလောက် ရှိပြီ ဖြစ်သည်။ သူစီးရမည့် ကား က ယနေ့ မှပင် ကြာနေသည်။ အခုထိ မလာသေး။ သူ့ရုံးကို ရောက်သော ကားများ တစ်စီးပြီး တစ်စီး ဆိုက်လာသော်လည်း လူပြည့်နေသည့် အတွက် မတက်ချင်။ သူစီးနေကျ ကားက ပတ်လမ်းရှည် ကားမို့ ပိုကြာကြာစီးရသော်လည်း လူချောင်သည်။ ထိုင်ခုံလည်း မြန်မြန်ရတတ်သည်။ ထို့ကြောင့် ယခုကဲ့သို့ အချိန်ကုန်ခံကာ စောင့်နေရခြင်း ဖြစ်၏။

ဦးထွန်းအေးက မဟာသုတ နိုင်ငံ၏ (…..) ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် အဆင့်အဖြစ် တာဝန်ထမ်းဆောင်နေရသူ ဖြစ်၏။ သူက အလုပ်ကို ပုံမှန်လုပ်သည်။ အနေအေးသည်။ ထို့ကြောင့်လည်း လူချစ်လူခင်များ၏။ သူ့တာဝန်ထမ်းရာ ဝန်ကြီးဌာန ကလည်း ပြည်သူကို စိတ်မညစ်စေရေး မူဝါဒ ကိုင်ဆွဲ၍ ဝန်ဆောင်မှု ပေးနေသည့် အပြင် သူကိုယ်တိုင်ကလည်း နိုင်ငံအတွက် ဝန်ထမ်းလုပ်ခြင်း ဖြစ်သည်ဟု ယူဆထားသည့် အတွက် စိတ်ရော လူပါ နှစ်ပြီး လုပ်ခဲ့သည်။ လာဘ်ပေးလိုသည့် ပြည်သူများကိုလည်း ချိုချိုသာသာဖြင့် နှင်လွှတ်ခဲ့သည်မှာ အကြိမ်ကြိမ်။ သူ ရာထူးမြင့်လေ နိုင်ငံ အတွက် ပိုပေးဆပ်ရလေ ဟု ခံယူထားသည်မို့ သူ့ အတွက် မကြည့်ခဲ့။ နိုင်ငံက ပေးသည့် လစာကို စားသည်။ နိုင်ငံတော်က မော်တော်ကားပေးသော်လည်း မကြာခဏ ပျက်တတ်သည်မို့ ကားကို သနားသဖြင့် သူမစီးတော့။ ထို့ကြောင့် လိုင်းကားဖြင့်သာ ပုံမှန်ရုံးတက်သည်။ ရုံးဆင်းသည်။ သူ့လို ရာထူးတူတွေလည်း လိုင်းကားသာ တိုးစီးကြသည်။ 


“ကားလာပြီ ကားလာပြီ” ဟု အသံကြားသည့် အတွက် ကြည့်လိုက်ရာ သူစီးနေကျ ကားဖြစ်နေသဖြင့် တက်လိုက်သည်။ ကားပေါ်ရောက်တော့ သူ့အဝတ်အစားနှင့် ဌာန ရင်ထိုးကြောင့် လူငယ်တစ်ယောက်က 
“ဆရာ ဒီနေရာလာပါ” ဟု ခုံပေးသဖြင့် ပြုံးပြလိုက်ရင် ဦးထွန်းအေး ယ်ို့ယို့ကလေး ဝင်ထိုင်လိုက်၏။

 ထို့နောက် ကားစီးရင်း သူ့ ဖုန်းအဟောင်းလေးကို ထုတ်ကာ ဖေ့စ်ဘွတ်ခ် ဖွင့်ကြည့်လ်ုက်သည်။ ထိုအခါ သတင်းတစ်ပုဒ်က ဦးဆုံး တက်လာကို တွေ့ရ၏။ ညွှန်ချုပ်နှင့် အထက် အဆင့် နိုင်ငံဝန်ထမ်းများကို ကား အရစ်ကျ ရောင်းမည် တဲ့။ သူ လှိုက်ခနဲ ရင်ဖိုသွားသည်။ သူ အိပ်မက်ထဲက ကိုယ်ပိုင်ကား။ ကားကလေးဖြင့် ရုံးတက်နေချင်ခဲ့သည့် သူ့ ဆန္ဒ။ သူ ရင်ခုန်ရင်း စာကို ဆက်ဖတ်သည်။ ဟုတ်သည်။ သူ ကားပိုင်ရတော့မည့် အခွင့်အရေး ရောက်လာပြီ။ 

သူ ပျော်သွားသည်။ ဦးထွန်းအေး ၏ လုပ်သက်တစ်လျှောက် အလုပ်ကြောင့် ပျော်ခဲ့ဖူး ပီတိ ဖြစ်ရဖူးပါ၏။ သို့သော် ယခု တစ်ခေါက်တော့ ထီပေါက်သလောက်ပင် သူ ဝမ်းသာသွားသည်။ ပြီးတော့ ဝမ်းသာမျက်ရည် လည်း ကျလာ၏။ သူ သတိရလို့ ဘေးနားက လူတွေကို ကြည့်တော့ အားလုံးက သူ့ကို ဝမ်းသာသော အပြုံးများဖြင့် ကြည့်နေကြသည်။ သူတို့လည်း နိုင်ငံ့ဝန်ထမ်းများ အတွက် ပီတိဖြစ်ကြပေလိမ့်မည် ဆိုခြင်းကို ဦးထွန်းအေး သံသယ မရှိပါ။ 

(မည်သူတစ်ဦးတစ်ယောက်ကိုမျှ နစ်နာစေရန် ဆန္ဒမရှိပါကြောင်း)

No comments