Breaking News

ရန်ကုန်မြို့လယ်ခေါင်မှာတည်ရှိတဲ့(မြန်မာနိုင်ငံ၏ ၁ခုတည်းသော)သမိုင်းဝင်…ဂျူးဘုရားကျောင်း

ရန်ကုန်မြို့လယ်၊ လူတွေပျားပန်းခတ် လှုပ်ရှားသွားလာနေကြတဲ့ အစည်ကားဆုံး နေရာ တခုမှာ ၁၉ ရာစုက ရှေးဟောင်း အဆောက်အဦတခု နစ်မြုပ် တည်ရှိ နေပါတယ်။

ရန်ကုန်မှာ အစည်ကားဆုံး ရောင်းဝယ်ဖောက်ကားရာ နေရာတခုလို့ ပြောနိုင်တဲ့ ကုန်ဈေးတန်းလမ်းနဲ့ ကပ်လျက် ကျဉ်းမြောင်း လှတဲ့ ၂၆ လမ်းထဲမှာ အဲဒီ အဆောက်အဦက နစ်မြုပ်ပျောက်ကွယ်လု ဖြစ်နေတာပါ။ အဲဒါကတော့ Musmeah Yeshua Synagogue လို့ အမည်ရတဲ့ ဂျူးလူမျိုးတို့ရဲ့ ဘုရာကျောင်းပါပဲ။ လူတွေ၊ ဈေးသည်တွေနဲ့ ရှုပ်ထွေးစည်ကားတဲ့ မဟာဗန္ဓုလ လမ်းမကြီးနဲ့ ၂၆ လမ်းထောင့်မှာ တည်ရှိပေမယ့် ဒီဘုရားကျောင်းကို ဖြတ်သန်း သွားလာနေကျ အဲဒီလူတွေက သတိပြုမိပုံ မရပါဘူး။


ဂိတ်ဝကို ပိတ်ထားပြီး အထဲကို တချက်လောက် လှမ်းကြည့်လိုက်ရင်လည်း “အပြင်လူမဝင်ရ” ဆိုတဲ့ မြန်မာ စာတန်းက ရန်ကုန် လူထုနဲ့ မသက်ဆိုင်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် ဒီ ဂျူးဘုရားကျောင်းဟာ ရန်ကုန်မြို့ရဲ့ သမိုင်းဝင် အထင်ကရ အဆောက်အဦတွေထဲက တခုအဖြစ် ထူးထူးခြားခြား တည်ရှိနေတာပါ။


ဒီအဆောက်အဦထဲကို ဝင်ရောက်လေ့လာချင်တယ် ဆိုရင်တော့ တရက်ကြိုတင် ခွင့်ပြုချက်တောင်းရပါတယ်။ ရန်ကုန်လူထုက သိပ်သတိမထားမိကြပေမယ့် ဒီအဆောက်အဦကို ရန်ကုန်ရဲ့ အထင်ကရ ရှေးခေတ်လက်ရာ တခုအဖြစ် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစား လာရောက်လည်ပတ် ကြည့်ရှုကြတယ်လို့ သိရပါတယ်။

ဘုရားကျောင်းထဲ ဝင်သွားကြည့်လိုက်တယ် ဆိုရင်ပဲ ခေတ်မီရောင်စုံ ဒီဇိုင်းတွေ၊ အသုံးအဆောင်တွေ၊ အိုင်တီ ပစ္စည်းတွေနဲ့ ထိစပ်လှုပ်ရှား နေရာကနေ ဆန့်ကျင်ပြီး ရုတ်တရက် ဟီဗရူး ကျမ်းစာအုပ်ထဲက ရှေးဟောင်းကမ္ဘာတခုကို ရောက်သွားသလို ခံစားလိုက်ရ ပါတယ်။

တရားဟော ပလ္လင်ငယ် တခုကို ဝိုင်းပတ်ကာရံထားပြီး ပလ္လင်ရှေ့မှာတော့ ဝတ်ပြုသူတွေ ထိုင်ဖို့ လက်ရန်းနဲ့ ကြိမ် ကုလားထိုင်တွေ ရှိပါတယ်။ ကြိမ်ကုလားထိုင် တချို့ရဲ့ ရှေးကျမှုကို မခန့်မှန်းနိုင်ပေမယ့် ဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ပစ္စည်းတွေ ဆိုတာ သိသာထင်ရှားနေပါတယ်။ အဝင်ဝက လူတရပ်ကျော် မြင့်တဲ့ ကြေးချိန်သီးတပ် နာရီကြီးဟာလည်း သံပတ်ပုံမှန်ပေးမထားလို့ အချိန်မမှန်တော့ပေမယ့် အဖိုးတန် ရှေးဟောင်း နာရီကြီး ဖြစ်တယ်လို့ သိရပါတယ်။ နာရီ ဒိုင်ခွက်မျက်နှာပြင်ပေါ်မှာ Rangoon ဆိုတဲ့ စာလုံးကို အင်္ဂလိပ်လို ရေးထိုးထားပါတယ်။


“ဘုရားကျောင်း စတည်ကတည်းက အားလုံးဝိုင်းပြီး လှူထားခဲ့တဲ့ နာရီကြီးပါ။ အပြင်ပန်း ပြင်ဆင်မှုကို လုံးဝ မလုပ်ခဲ့ဖူးဘူး။ ဒီ နာရီကြီးအပြင် ထိုင်ခုံတွေနဲ့ တခြား ပရိဘောဂတွေထဲက အများစုလည်း ဘုရားကျောင်းကြီးနဲ့ သက်တမ်း အတူတူလောက်ပဲ” လို့ ဒီဘုရားကျောင်းကြီး စတင်တည်ဆောက်ခဲ့သူတွေထဲက တဦးဖြစ်သူ မစ္စတာ ဆမ်မျူယယ်ရဲ့ မျိုးဆက် ဖြစ်တဲ့ မစ္စတာ ဆမ်မီ ဆင်မျူယယ်က ဧရာဝတီကို ပြောပါတယ်။

မြင့်မားတဲ့ အမိုးခုံးကနေ တွဲလောင်းချထားတဲ့ မျက်နှာကျက်ပန်ကာတွေ အပါအဝင်၊ အလင်းရောင်လည်းရ၊ အလှလည်း ဆင်ထားပုံရတဲ့ မှန်ကူကွက် ရောင်စုံတွေ ပေါင်းစပ်ပြီး ဆောက်ထားတဲ့ ရှေးဗိသုကာ လက်ရာတွေကြောင့် လူမရှိတဲ့၊ ဆိတ်ငြိမ်လှတဲ့ ဘုရားကျောင်း အတွင်းပိုင်းရဲ့ ရင့်ကျက်မှုကို ပိုမိုပြည့်စုံစေပါတယ်။ အဝင်ဝမှာ တွေ့ရတဲ့ လှေခါးကနေ အပေါ်ထပ် တက်သွားရင်တော့ အောက်က ဝတ်ပြုကိုးကိုယ်မှုကို ဆီးပြီး မြင်နိုင်တဲ့ ပတ်လည်စင်္ကြန် တခုဆီ ရောက်ပါတယ်။

လှေခါးက အတက်မှာ အရင်ဆုံးမြင်တွေ့ရတဲ့ စာတန်းကတော့ “SHALOM” ဖြစ်ပါတယ်။ ရှလုမ် ဆိုတာက ဂျူးဘာသာ စကားနဲ့ နှုတ်ခွန်းဆက် စကားဖြစ်ပြီး အနက်အဓိပ္ပာယ်က ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ရန်ကုန်မှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ ဂျူးမျိုးဆက်ထဲက တဦးဖြစ်သူ မစ္စတာ ဆမ်မီ ဆင်မျူယယ်က ရှင်းပြပါတယ်။ သူ့ အဘေး မစ္စတာ ဆမ်မျူယယ်ဟာ ၁၈၉၃ ခုနှစ်က ဒီဘုရားကျောင်း ဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့သူတွေထဲမှာ တဦး အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ရဲ့ ဖခင်ဖြစ်တဲ့ အသက် ၆၂ နှစ်အရွယ် မစ္စတာ မော့ဆက် ဆမ်မျူယယ်ဟာ ဒီဘုရားကျောင်း အတွက် ဂေါပက လူကြီး တဦး အဖြစ် တာဝန်ယူနေဆဲ ဖြစ်ပါတယ်။

၁၈၅၅ ခုနှစ်လောက်မှာ အိန္ဒိယက တဆင့် မြန်မာပြည်ကို ကုန်သွယ်လုပ်ငန်းနဲ့ ဂျူးလူမျိုးတွေ စတင်ဝင်ရောက်ခဲ့ပြီး အခြေချခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအချိန်က ဂျူးလူမျိုး ၃၀၀၀ ကျော်လောက် တိုးပွားခဲ့ပြီး ရန်ကုန်မှာတော့ မဟာဗန္ဓုလလမ်း တလျှောက်၊ ယောက်လမ်း (အခု ယောမင်းကြီးလမ်း)၊ ဆင်းဒွစ်လမ်း (အခု ဗိုလ်ရာညွန့်လမ်း) တွေမှာ အခြေချ နေထိုင်ခဲ့ကြပါတယ်။

ရန်ကုန်မှာ နေထိုင်ခဲ့တဲ့ ဂျူးအများစုဟာ ကြီးပွားချမ်းသာကြပြီး စတိုးဆိုင်ကြီးတွေ၊ ကုမ္ပဏီကြီးတွေ ပိုင်ဆိုင်ကြသလို၊ ဆရာဝန်တွေ၊ အတွေးအခေါ် ပညာရှင်တွေဖြစ်တဲ့ ပညာတတ်တွေလည်း အများကြီး ပေါ်ထွန်းခဲ့တယ်လို့ သိရပါတယ်။ ဂျူးကျောင်းဟာ လက်ရှိ အထက ၁ ဒဂုံ ကျောင်းရဲ့ အနောက်ဘက်မှာ ဖွင့်ထားပြီး ကျောင်းသား ၂၀၀ လောက် ရှိခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်က မြန်မာပြည်ကို ပထမဆုံး ကိုကာကိုလာ တင်သွင်းသူဟာ မြန်မာပြည်ရောက် ဂျူးလူမျိုး တဦးပဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ ဂျူးတွေ အနေနဲ့ ပထမအကြိမ် တုန်လှုပ်စရာ အဖြစ်အပျက်ကတော့ မြန်မာပြည်ကို ဂျပန်တွေ ဝင်ရောက်လာတဲ့ ၁၉၄၁ ခုနှစ်မှာ စတင်ပါတယ်။ အဲဒီတုန်းက ဂျပန်တွေဟာ ဂျူးတွေကို အင်္ဂလိပ် သူလျှိုလို့ ယူဆပြီး မသင်္ကာဖြစ်တာ၊ ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့တဲ့နောက် ဂျူးအများစုဟာ မြန်မာပြည်က ထွက်ပြေး ကြရာက ဂျူးလူမျိုးတွေ ပထမအကြိမ် လျော့နည်းလာခဲ့ပါတယ်။ ဒါပေမယ့် ဂျူးလူမျိုး ထောင်ဂဏန်း နီးပါးလောက် ကျန်ရှိ နေပါသေးတယ်။ မြန်မာပြည်လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်း ပါလီမန် ဒီမိုကရေစီ ခေတ်မှာတော့ မြန်မာပြည်ရောက် ဂျူးတွေရဲ့ ရပ်တည်မှု ပြန်လည် ကောင်းမွန်ခဲ့ပါတယ်။ အစ္စရေး နိုင်ငံဟာ မြန်မာပြည်နဲ့ တနှစ်တည်း လွတ်လပ်ရေး ရခဲ့တာ ဖြစ်သလို အဲဒီကာလက မြန်မာနဲ့ အစ္စရေး ဆက်ဆံရေး အထူးကောင်းမွန်ခဲ့တဲ့ ကာလလို့ ဆိုရမှာပါ။ ဝန်ကြီးချုပ်ဟောင်း ဦးနုဟာ လွတ်လပ်ရေးရပြီး အစ္စရေးနိုင်ငံကို အလည်အပတ်ရောက်ရှိတဲ့ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ လက်ရှိအချိန် ဂျူးဘုရားကျောင်းထဲမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု အစ္စရေး သွားလည်စဉ်က ဓာတ်ပုံကြီးတွေ၊ အစ္စရေး သမ္မတနဲ့ ဝန်ကြီးချုပ် မြန်မာပြည် လာလည်တဲ့ ဓာတ်ပုံကြီးတွေကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် မြန်မာပြည်ရောက် ဂျူးတွေ အနေနဲ့ ကံံဆိုးမိုးမှောင် ထပ်ကျရပြန်ပါတယ်။ အဲဒီ ဒုတိယ အကြိမ်ကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း အာဏာသိမ်းတဲ့ ၁၉၆၂ ခုနှစ် ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးတဲ့နောက် ကုမ္ပဏီတွေ၊ လုပ်ငန်းကြီးတွေ အားလုံံးကို ပြည်သူပိုင် သိမ်းလိုက်တဲ့ အချိန်မှာ မြန်မာပြည်မှာ အခြေစိုက်နေတဲ့ နိုင်ငံခြားသား မှန်သမျှ ကစဉ့်ကလျား ဖြစ်ကုန်ပြီး ရပ်တည်ရေး ခက်ခဲ ကုန်ပါတော့တယ်။ ဗိုလ်ချုပ်ကြီး နေဝင်းဟာ နိုင်ငံခြားသား မုန်းတီးရေး ဝါဒီတဦး ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေကို မူတည်ပြီး ပြည်သူပိုင်သိမ်းတာ ဖြစ်ပေမယ့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေလည်း တော်တော်လေး အထိနာခဲ့ ပါတယ်။ အဲဒီကာလက ပိုင်ဆိုင်သမျှ အိုးအိမ် ဥစ္စာပစ္စည်းတွေ စွန့်ခွာပြီး ထွက်ပြေးရတဲ့ နိုင်ငံခြားသားတွေ အထဲမှာ ဂျူး အများစုလည်း ပါဝင် နေခဲ့ပြီး သူတို့ဟာ အိန္ဒိယကတဆင့် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ စသည်ဖြင့် ထွက်ပြေး ခိုလှုံကြရာက အခု လက်ရှိ အချိန်မှာတော့ ရန်ကုန်မှာ ဂျူးမျိုးဆက်၊ ဂျူးအသိုင်းအဝိုင်း ၂၀ ဝန်းကျင် လောက်ပဲ ကျန်ရှိတော့တာပါ။ ဒီလူတွေထဲမှာ မစ္စတာ ဆမ်မျူယယ် မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။

မစ္စတာ မော့ဆက် ဆမ်မျူယယ်ဟာ အခုအချိန်အထိ ဂျူးဘုရားကျောင်းကို ထိန်းသိမ်းလာခဲ့တာ ၃၅ နှစ်တိုင်ခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့ သားဖြစ်သူ မစ္စတာ ဆမ်မီ ဆယ်မျူယယ် မန်နေးဂျင်း ဒါရိုက်တာ အဖြစ် တာဝန်ယူထားတဲ့ Myanmar Shalom ဆိုတဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းကနေ ရန်ကုန်က ဂျူးအသိုင်းအဝိုင်းနဲ့ ဘုရားကျောင်း ပြုပြင် ထိန်းသိမ်းရေး ကိစ္စတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီကလည်း ဟိုးအရင် ကာလတွေ ကတည်းက ဂျူးအများစု နေထိုင်ခဲ့တဲ့ မဟာဗန္ဓုလမ်းနဲ့ ကုန်သည်လမ်းကြားက ၃၁ လမ်းထဲမှာ တည်ရှိတာပါ။

ဒီဇင်ဘာလတိုင်းမှာ ကျင်းပလေ့ရှိတဲ့ ဂျူးလူမျိုးတို့ရဲ့ ငြိမ်းချမ်းရေး မီးထွန်းပွဲတော်ကို မြန်မာပြည်က ဂျူးဘုရားကျောင်း မှာလည်း ကျင်းပလေ့ရှိပြီး တခြား ဘာသာကြီးတွေဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ စတဲ့ ဘာသာတွေက ခေါင်းဆောင်တွေ၊ သံအမတ်တွေနဲ့၊ အစိုးရ တာဝန်ရှိသူတွေကို ဖိတ်ကြား ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီပွဲကို ၈ ရက်တိုင် ကျင်းပလေ့ရှိပြီး တရက်ကို ဖရောင်းတိုင် တတိုင်ကျ ဘာသာပေါင်းစုံက ထွန်းညှိကြလေ့ ရှိပါတယ်။

“ဒါဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုအတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲ တခုပါပဲ။ ကျနော်တို့ဆီကို ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ လာတယ်။ မွတ်စလင် ဘာသာရေး ခေါင်းဆောင်တွေက အစ ဂျူး ဘုရားကျောင်းကို လာပြီး ဖရောင်းတိုင် ထွန်းပေးတယ်။ ဒါဟာ မြန်မာပြည်မှာ အခုအချိန် ပိုပြီး လိုအပ်ပါတယ်။ ကျနော်တို့က လူနည်းစု ဆိုပေမယ့် ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ အခုလိုအချိန်မှာ ကိုယ်နဲ့ မဆိုင်သလို မနေချင်ပါဘူး။ ဒီနှစ်ကို ပိုပြီး ကြီးကြီးကျယ်ကျယ် ဖြစ်အောင်လုပ်မယ်” လို့ မစ္စတာ ဆမ်မီ ဆင်မျူယယ်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အစ္စရေးနိုင်ငံဟာ တနှစ်တည်းမှာ လွတ်လပ်ရေး ရခဲ့ကြတယ် ဆိုပေမယ့် အာရပ်နိုင်ငံကြီးတွေ ဝန်းရံထားပြီး မြန်မာပြည်ထက် အရွယ်အစား သေးငယ်တဲ့ အစ္စရေးနိုင်ငံဟာ လွတ်လပ်ရေး ရချိန်ကစလို့ တောက်လျှောက် အေးအေးသက်သာ မနေခဲ့ရပါဘူး။ ဒါပေမယ့် စစ်ပွဲတွေ ဆင်နွှဲနေရတဲ့ ကြားကကို အစစတိုးတက် အောင်မြင်မှုတွေ ရခဲ့တယ်၊ ဒါဟာ ဖိနှိပ်မှုတွေကြောင့် ပိုပြီး ရုန်းထွက်ဖို့ အင်အားတွေ ရခဲ့တဲ့ ဂျူးတွေရဲ့ စိတ်ဓာတ်ကြောင့် ဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။

“ကျနော်တို့ ဂျူးတွေ အချင်းချင်း ဆုံရင် ပြောလေ့ရှိတယ်။ ကြက်ဥဟာ ပြုတ်လေမာလေ ဖြစ်သလိုပဲ၊ ဂျူးတွေဟာလည်း အပြုတ်ခံရလေ ပိုပြီး မာကျောလေ ဖြစ်မယ်” လို့ သူက ဆက်ပြောပါတယ်။

အခုအချိန်မှာတော့ အမေရိကန်နိုင်ငံမှာ ဘွဲ့တခုရခဲ့ပြီဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် မစ္စတာ ဆမ်မီဆမ်မျူယယ်ဟာ ၂၀၀၆ ခုနှစ်က စတင်ခဲ့တဲ့ ခရီးသွား လုပ်ငန်းအပြင် အမေရိကန်ကနေ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်တဲ့ အမေရိကန် ကုမ္ပဏီတွေ အတွက် ဆောင်ရွက်ပေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။ သူ့ရဲ့ မြန်မာနာမည်ကတော့ ကိုအောင်စိုးလွင် ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီ တွေဟာ သူတို့ မိသားစုပိုင် ဖြစ်ပေမယ့် မြန်မာပြည်ရဲ့ ရှေးဟောင်းအမွေအနှစ် အဆောက်အဦ တခုကို ထိန်းသိမ်းရေး အတွက် လိုအပ်တာတွေ ပံ့ပိုးနေတာပါ။

မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားတဲ့ ဂျူးတွေကိုလည်း အခုလက်ရှိ အချိန်မှာ မြန်မာပြည်ကို လာရောက်လည်ပတ်ဖို့ Myanmar Shalom က ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ မနှစ်က လာရောက်လည်ပတ် ကြတဲ့ ဂျူးတွေဟာ သူတို့နေသွားခဲ့ဖူးတဲ့ ရန်ကုန်က တချို့နေရာတွေကို သွားရောက် ကြည့်ရှုကြပြီး မျက်ရည်ကျကြ တယ်လို့ မစ္စတာ ဆမ်မီ ဆင်မျူယယ်က ပြောပြပါတယ်။

“ကျနော်တို့ ဂျူးတွေဟာ ဘယ်နေရာ ရောက်ရောက် အထီးမကျန်ဘူး ဆိုတဲ့ ဆောင်ပုဒ်တခု ရှိတယ်။ ဥပမာ ကျနော်တို့ မြန်မာနိုင်ငံမှာ အခြေချနေတဲ့ ဂျူး လူဦးရေ ဘယ်လောက်ပဲ နည်းနည်း နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ဂျူးအဖွဲ့အစည်းတွေရဲ့ အစည်းအဝေးကြီးမှာ မြန်မာနိုင်ငံရောက် ဂျူးတွေ အနေနဲ့ မဲတပြား ပေးခွင့်ရှိတယ်” လို့ မစ္စတာ ဆမ်မီ ဆင်မျူယယ်က ရှင်းပြပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ ဂျူးဘုရားကျောင်းထဲမှာ ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်လေး တခုကို တွေ့ခဲ့ပါတယ်။

“ကွင်းပြင်ထဲက သစ်ပင်တပင်ဟာ အထီးကျန်ကောင်း ကျန်လိမ့်မယ်၊ ကမ္ဘာကြီးပေါ်မှာ လူတယောက်ဟာ အထီးကျန်ကောင်း ကျန်နေနိုင်တယ်၊ ဒါပေမယ့် ဂျူးတယောက်ဟာ သူ့အားလပ်ရက်မှာ ဘယ်တော့မှ အထီးမကျန်ဘူး” ဆိုတဲ့ အဲဒီဆောင်ပုဒ်လေး အတိုင်း မြန်မာပြည်က ဆယ်ဂဏန်း နှစ်ခုစာလောက်သာ ရှိတဲ့ ဂျူးတွေဟာ အချင်းချင်း စည်းလုံးရိုင်းပင်းရင်း သူတို့ရဲ့ မြန်မာ့မြေပေါ်က ရှေးဟောင်း အမွေအနှစ်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

Credit to : irrawaddy burmese website 

No comments