Breaking News

ကင်းဝန်မင်းကြီး လေ့လာခွင့် ရခဲ့တဲ့ စက်ရုပ်လုပ်နည်း

ကင်းဝန်မင်းကြီး ဦးကောင်း တို့ ဘုရင့်သံ အဖွဲ့ ပြင်သစ်မှာ ရှိနေတုန်း ကောင်းကင်ပေါ် ပျံနိုင်မယ့် ငှက်ရုပ်လုပ်ဖို့ ကြံနေတာကို လာကြည့်လှည့်ပါ ဆိုပြီး ဖိတ်တဲ့အတွက် သွားကြတယ် လို့ ကင်းဝန်မင်းကြီး ရဲ့ ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်စာတမ်း မှာ ရေးထားတယ်။ အဲ့ဒီ မတိုင်ခင်ကလည်း မိုးပျံဘောလုံး အကြောင်းကို Aeronautic Club လူကြီးတွေက ဖိတ်ထားလို့ လေ့လာခဲ့ကြပါသေးတယ်။

မိုးပျံ ဘောလုံးကိုတော့ ကင်းဝန်မင်းကြီးရဲ့ စာထဲမှာ ဗလွန်း လို့ အသံထွက်ထားတာကို တွေ့မြင်ရပါတယ်။ မူရင်းအရေးအသားမှာတော့ “ဆရာ ဘိုဘစ် ဆိုသူ ကိုယ်တိုင်လိုက်ပြ ကြည့်ရှု့ရသည်မှာ မြို့တွင်း မြို့ပြင် အလိုရှိရာ ဓာတ်မီးထွန်းရန် ဓာတ်ခိုးများကို လှောင်ထားသည့် တိုက်အမျိုးမျိုး၊ ဗလွန်းနှင့် ကောင်းကင်သို့ တက်သည့် ကာလ မြေရှိ အက္ခဏိက ဓာတ် (လျှပ်စစ်ဓာတ်) ကောင်းကင်သို့ မည်မျှ ရောက်သည်ကို တိုင်းသည့် ကိရိယာ အမျိုးမျိုး၊ ၄င်း ဗလွန်းမီးအိမ်ပျံ အထက်သို့ မည်မျှတက်သည်၊ ဘီလာခရီး မည်မျှရောက်သည်ကို တိုင်းသည့် ဗာရော်မက် (ဘာရိုမီတာ) ခေါ်သည့် ကိရိယာအဟောင်းအသစ် အမျိုးမျိုး” စသည်ဖြင့် ကင်းဝန်မင်းကြီးက သူတွေ့ခဲ့ရတာကို အသေးစိတ် ဖော်ပြခဲ့ပါတယ်။
အဲ့ဒီတုန်းကလည်း ဒီလိုတွေ့ခဲ့ရလို့ သူတို့ ပြန်ပြီးတဲ့ နောက်မှာလည်း မီးပုံပျံ ဆရာကိုယ်တိုင် မြန်မာသံအဖွဲ့ဆီ လာခဲ့ပြီး သူတို့ လုပ်တဲ့ဟာ ဘယ်လောက်အထိ တက်ကြောင်း၊ ကောင်းကင်မြင်ကွင်း ဘယ်လို ရှိကြောင်း တွေကို ပြောတဲ့ အပြင် နောက်တစ်ခါ ထပ်လာစေချင်သေးတယ်လို့ ဖိတ်သလို မီးပုံးပျံ မှာ မြန်မာအလံ၊ မြန်မာတံဆိပ်ပုံတွေ ထည့်ချင်သေးတယ်ဆိုလို့ မြန်မာသံအဖွဲ့က ပေးလိုက်ပါတယ်။
နောက်တစ်ခါမှာတော့ ဘောလုံး လို မိုးပေါ်ပျံနိုင်တဲ့ ငှက်ရုပ်လုပ်ဖို့ ကြိုးစားနေတာကို ကြည့်ဖို့ ဖိတ်လာတဲ့ အတွက် မြန်မာသံအဖွဲ့ဟာ ဖိတ်ကြားချက်ကို လက်ခံပြီး ပညာရှိ အသင်းဝင် အာဘက်ဆိုဆီ အဲ့ဒီနေ့မှာပဲ သွားလည်ကြပါတယ်။ ပျံသန်ဖို့ အတွက် ပထမ တီထွင်ထားတဲ့ စက်၊ ဒုတိယ တီထွင်ထားတဲ့ ငှက်ရုပ် နဲ့ တတိယ တီထွင်ထားတဲ့ ငှက်ရုပ်တို့ကို လေ့လာခဲ့ကြပါတယ်။

သူတို့ တွေ့ရတဲ့ စက်အကြောင်းကို ကင်းဝန်မင်းကြီးက “ပထမ ကြံစည်၍ ရသည့် စက်ပုံမှာ ပကတိ လေထက်ပေါ့သည့် အာလေမီနံ (အလူမီနီယံ) ဓာတ်တစ်မျိုး ကို ခရုရွက်လုပ်၍ လေအတွင်း လှည့်သည့် ကာလ အထက်သို့ ပျံတက်သည် အခြင်းအရာကို သိနိုင်သော စက်ဖြစ်သည်” လို့ ရေးသားထားပါတယ်။
ဒုတိယ တီထွင်ထားတဲ့ ငှက်ရုပ်ကတော့ လင်းနို့လို တောင်ပံမျိုး လုပ်ထားပြီးလင်းနို့ကို ခွဲစိတ် လေ့လာမှု အရ လုပ်ထားတာဖြစ်တယ်လို့ သူ့စာမှာ ဖော်ပြထားပါတယ်။ လင်းနို့ ကို တုပထားတဲ့ ငှက်ရုပ်ရဲ့ အတွင်းမှာ စက်အပြင် တောင်ပံကို အားပေးတဲ့ ယန္တရားတွေ တပ်ဆင်ထားပြီး သော့ပေး (သံပတ်) ပေးလိုက်တာနဲ့ တောင်ပံ့ ခပ်ပြင်းပြင်းခတ်ပြီး ကောင်းကင်ပေါ် ပျံတက်နိုင်ဖို့ တည်ဆောက်ထားတာလို သူ့စာအရသိရပါတယ်။
ထူးခြားတာကတော့ အခုခေတ် လေယာဉ်တွေလို အထဲမှာ လူလိုက်မှာ မဟုတ်ပဲ အဲ့ဒီ စက်ရုပ်မှာ လူစီးယာဉ်နဲ့ ချိတ်ပြီး လိုက်နိုင်ဖို့ ကြံစည်ထားတာ ဖြစ်ပြီး သူ့ရဲ့ အရွယ်အစားကိုတော့ မူရင်းစာမှာ “၄င်းငှက်ရုပ်လည်း အမြီးက ရင်အုပ်ရောက် အရှည် ၂ တောင်၊ အမြီးက ရင်အုပ်ရောက် အရှည် ၂ တောင်ခန့် အလျား ၂ ထွာခန့်” ရှိသည်လို့ ဖော်ပြထားတဲ့ အတွက် ပုံစံငယ် ဖြစ်နိုင်ပါတယ်။
သူလေ့လာခဲ့ရတဲ့ နောက်ဆုံး ငှက်ရုပ်ကတော့ အခုခေတ် လေယာဉ်တွေနဲ့ ဆင်ပါတယ်။ ငှက်ရုပ်ရဲ့ ရင်အုပ်နေရာမှာ လူထိုင်ရမှာ ဖြစ်ပြီး စက်နင်းမယ့်နေရာ၊ အတောင်နှစ်ဖက်ကို လက်နဲ့ ထိန်းမယ့် နေရာ တွေ ပါဝင်ပါတယ်။ ဒီအကြောင်းကို “၄င်းငှက်ရုပ်ကို မြင်းအား (မြင်းကောင်ရေအား) ၂၀ စီ အားရှိ မီးစက် နှင့် အတောင်ကို ငှတ်စေ၍ အရုပ်နှင့်တကွ ပျံတက်သွားလာနိုင်အောင် ကြံစည်ဆဲ ရှိကြောင်း ကို ပြောဆို ကြားသိရသည်။ ၄င်း ကြံစည်သည့် အကြောင်းအရာ အမှတ်အသား စာအုပ်များကို ပေးအပ် ရယူခဲ့သည်” လို့ ပါတဲ့ အတွက် ကင်းဝန်မင်းကြီး ဟာ စက်ရုပ်အကြောင်းကို အသေးစိတ် လေ့လာခွင့် ရခဲ့တယ်လို့ ဆိုရမှာပါပဲ ခင်ဗျာ။

No comments