Breaking News

အခုထိ သေမှန်း ရှင်မှန်းမသိ ပျောက်သွားတဲ့ အသက် ၂၇ နှစ်အရွယ် စစ်တပ်အကြီးအကဲ

မနေ့က ဖေ့စ်ဘွတ်ခ်မိတ်ဆွေတစ်ယောက်ရဲ့ ကျေးဇူးနဲ့ Che ရုပ်ရှင်ကား အပိုင်းတစ်ကော အပိုင်းနှစ်ကော ကြည့်လိုက်ရပါတယ်။ အဲ့ဒီထဲက အပိုင်းတစ်မှာ ဖီဒယ်တို့ ချေ တို့နဲ့ အတူ ရင်ပေါင်းတန်းပြီး စစ်ကြောင်း တစ်ခုကို ဦးစီး တိုက်ခိုက်ခဲ့တဲ့ နာမည်ကျော် တပ်မှူးတစ်ယောက်ကိုလည်း ရုပ်ရှင်ထဲ တော်တော်လေး ရိုက်ပြထားတာကို တွေ့ရပါတယ်။ တကယ်လည်း ရိုက်ပြသင့်တဲ့ ထိပ်တန်း တပ်မှူးတစ်ယောက်ပါပဲ။ သူ့နာမည်ကတော့ Camilo Cienfuegos Gorriarán ပါ။ 


သူဟာ ကျူးဘား တော်လှန်ရေး ကာလမှာ ဖီဒယ်ကက်စထရို ရဲ့ ထိပ်တန်း တပ်မှူးတစ်ယောက် ဖြစ်လာခဲ့သူပါ။ သူအကြိုက်ဆုံး သေနတ်တွေကတော့ သွန်မဆင်စက်ကလေး နဲ့ အမ်တူး ကာဘိုင် တို့ ဖြစ်ပြီး ဒီလက်နက်တွေဟာလည်း ကျူးဘားမှာတော့ ကာမီလို ရဲ့ အထိမ်းအမှတ် တစ်ခု ဖြစ်ခဲ့ပါတယ်။ သူဟာ ဘေ့စ်ဘော ကစားတာကို အလွန်ခုံမင်သူ၊ ပျော်တတ်သူ၊ ကခုန်ခြင်းကို ဝါသနာ ပါသူ အဖြစ်လည်း လူသိများပါတယ်။
 
သူ့ကို ၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ ဟာဗနားမြို့ရဲ့ လောတွန် ခရိုင် မှာ မွေးဖွားခဲ့ပါတယ်။ သူ့မိသားစုဟာ စပိန်ကနေ ပြောင်းရွေ့ခဲ့ကြတာ ဖြစ်ပြီး အလုပ်သမားလူတန်းစားတွေ ကြားမှာ သူ ကြီးပြင်းခဲ့ပါတယ်။ သူ့အဖေဟာ စက်ချုပ်သမား တစ်ယောက် ဖြစ်ပြီး လက်ဝဲ နိုင်ငံရေး ဝါဒ ကို လက်ခံတဲ့သူပါ။ ဒါကြောင့် အဖေတူသားဖြစ်တဲ့ ကာမီလို ဟာ အသက် ၁၆ နှစ်မှာ နိုင်ငံရေး လှုပ်ရှားမှု တချို့ထဲ စတင် ပါဝင်ခဲ့ပါတယ်။ 


ဒါပေမယ့် ကာမီလို ဟာ အနုပညာကို ဝါသနာ ပါခဲ့တာမို့ Escuela Nacional de Bellas Artes "San Alejandro" ကို တက်ရောက်ခဲ့ပေမယ့် ငွေကြေး ချို့တဲ့ တာကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ အဲ့ဒီ အချိန်က သူ့အသက် ၁၈ နှစ်ပါ။ အဲ့ဒီနောက် ဟာဗနား က ဖက်ရှင် ဆိုင်တစ်ခုမှာ စက်ချုပ်သမားအဖြစ် အဖြစ် စတင်လုပ်ကိုင်ခဲ့ပါတယ်။ 

၁၉၅၄ ခုနှစ်မှာတော့ သမ္မတ ဘာတစ္စတာ အစိုးရကို ဆန့်ကျင်တဲ့ ကျောင်းသားတွေရဲ့ မြေအောက်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ သူ အသက် ၂၁ နှစ် အရွယ်မှာတော့ သူငယ်ချင်းတစ်ယောက်နဲ့ အတူ အမေရိကန် ကို ဧည့်ဗီဇာ နဲ့ သွားပြီး သတ်မှတ်ကာလ ပြည့်သွားချိန် ပြန်မလာပဲ နယူးယောက်၊ ချီကာဂို နဲ့ ဆန်ဖရန်စ္စကို မှာ လုပ်ခ နည်းနည်းပဲ ရတဲ့ အလုပ်တွေ လုပ်ခဲ့ပြီး နောက်ပိုင်း ဖမ်းမိသွားပါတယ်။ မက္ကစီကိုကနေတဆင့် ကျူးဘားကို ပြန်ပို့မယ့် အချိန် မက္ကစီကို အရောက်မှာ သူ့ အမေရိကန် မသွားခင်တည်းက ဝင်မယ် လို့ စိတ်ကူးခဲ့တဲ့ ဖီဒယ်ကက်စထရို ရဲ့ တော်လှန်ရေး တပ်ဖွဲ့ထဲ ဝင်ခဲ့ပြီး ကျူးဘားကို ဝင်ရောက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် ၈၂ ဦးမှာ သူလည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့ပါတယ်။ 


သူတို့ အုပ်စု ဟာ ကျူးဘားမြေပေါ် ခြေချပြီးပြီးချင်းမှာပဲ မမျှော်လင့်ပဲ စစ်တပ် ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရကြောင့် အကွဲကွဲ အပြားပြားဖြစ်ပြီး Sierra Maestra တောင်တန်းတွေပေါ် လှည့်လည်ခဲ့ကြရပါသေးတယ်။ နောက် အဖွဲ့ ပြန်စုံချိန် ၁၂ ယောက်သာ အသက်ရှိခဲ့တဲ့ အထဲ သူ ပါဝင်ခဲ့ပါတယ်။
 
၁၉၅၇ ခုနှစ် သူ အသက် ၂၅ နှစ်အရွယ်မှာတော့ ကျူးဘားတော်လှန်ရေး တပ်ဖွဲ့ မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ အစိုးရရဲ့ Verano စစ်ဆင်ရေး ကျရှုံးသွားပြီး ၁၉၅၈ ခုနှစ်မှာတော့ တောင်တန်းတွေကန မြေပြန့်ဆီ ဆင်းတဲ့ အခါ Santa Clara မြို့သိမ်း စစ်ဆင်ရေး ရဲ့ စစ်ကြောင်း သုံးကြောင်းထဲက စစ်ကြောင်း တစ်ကြောင်းကို ကာမီလို ဦးစီးခဲ့ပါတယ်။ စစ်ကြောင်း တစ်ကြောင်းကို ချေဂွေဗားရား ဦးစီးခဲ့ပြီး နောက်စစ်ကြောင်းကိုတော့ Jaime Vega က ဦးစီးပါတယ်။ ဒါပေမယ့် Jaime ရဲ့ စစ်ကြောင်းကတော့ ခြုံခိုတိုက် ခံလိုက်ရပါတယ်။ 

စစ်ကြောင်း တစ်ကြောင်း ထိခိုက်သွားပေမယ့် ကျန်တဲ့ စစ်ကြောင်း ၂ ကြောင်းဟာ ပစ်မှတ် ဗဟိုဆီ အထိ ရောက်ခဲ့ပြီး ကျန်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းနိုင်ခဲ့သလို နိုင်ငံသားတွေရဲ့ ကြိုဆိုမှုကိုလည်း ခံခဲ့ရပါတယ်။ ကာမီလို ဟာ Yaguajay စခန်းက အစိုးရ စစ်တပ်ကို လက်နက်ချဖို့ ဖိအားပေး နိုင်ခဲ့ပြီး တခြား မဟာမိတ် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ချေ နဲ့ ကာမီလို တို့ ပူးပေါင်းစစ်ကြောင်းဟာ Santa Clara ကို သိမ်းနိုင်ခဲ့ပါတယ်။ ဒီ အောင်ပွဲဟာ အစိုးရတပ်တွေ လက်နက်ချစေခဲ့သလို အဲ့ဒီ အဆုံးအဖြတ် တိုက်ပွဲကြောင်ပဲ ဘတစ္စတာ ဟာ ကျူးဘားကနေ ထွက်ပြေးခဲ့ရပါတယ်။ 

အောင်ပွဲရပြီးနောက် ကာမီလို ဟာ ကာကွယ်ရေး ဦးစီးချုပ်တာဝန် ယူခဲ့ပြီး ဖီဒယ်ကက်စ်ထရို ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ နှိမ်နင်းခဲ့သလို လယ်ယာမြေ ဝေခြမ်းရေးမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ 

ကာမီလို ရဲ့ နောက်ဆုံးနေ့များ 
===============

Camagüey ပြည်နယ် ရဲ့ တပ်မတော် အကြီးအကဲ Huber Matos ဟာ တော်လှန်ရေး အစိုးရ နဲ့ စစ်တပ်မှာ ကွန်မြူနစ်ခေါင်းဆောင်တွေကို နေရာချထားလိုကြောင်း ကက်စ်ထရို ကို တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ကက်စ်ထရို က ဒီကိစ္စကို ဆွေးနွေးလိုခြင်း မရှိတာကြောင့် Matos က နှုတ်ထွက်စာ တင်လိုက်တာကြောင့် ကက်စ်ထရို ဟာ ရှုံ့ချခဲ့ပြီး Matos ပုန်ကန်မယ်လို့လည်း စိုးရိမ်စိတ်ကြောင့် Camagüey အဓိက နေရာတွေက တပ်နေရာတွေကို ထိန်းချုပ်ဖို့ ကာမီလို ကို တာဝန်ပေးလိုက်ပါတယ်။ မှားယွင်းတဲ့ စိုးရိမ်စိတ်ကြောင့် တပ်တွေ လွှတ်ခဲ့ပြီးတဲ့ အပြင် Matos ကိုလည်း ထိန်းသိမ်းလိုက်ပါတယ်။ 

၁၉၅၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှာတော့ ကာမီလိုဟာ Cessna 310 လေယာဉ် နဲ့ Camagüey ကနေ ဟာဗနား ကို ပြန်လာတုန်း ဖလော်ရီဒါ ရေလက်ကြား မှာ သူ့လေယာဉ်ကို အဆက်အသွယ်မရတော့ပဲ ပျောက်သွားခဲ့ပါတယ်။ ရက်ပေါင်းများစွာ ရှာဖွေမှုတွေ လုပ်ခဲ့ပေမယ့် သူကော သူ့လေယာဉ်ကော အစအန ရှာမရအောင် ပျောက်သွားခဲ့ပြီး ပင်လယ်ထဲ ထိုးကျနစ်မြုပ်သွားတာလို့ ယူဆလိုက်ကြပြီး သူဟာ ကျူးဘား ရဲ့ သူရဲကောင်း အာဇာနည်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 

သူသေဆုံးတာနဲ့ ပတ်သက်ပြီး အမျိုးမျိုး ထင်ကြေးပေးကြသလို တချို့ကလည်း ဒါ အစိုးရ လက်ချက်မကင်းဘူး လို့ ဆိုပါတယ်။ သူ အခုလို သေဆုံးတာဟာ ဖီဒယ် လက်ချက်လို့ စွပ်စွဲကြပါတယ်။ အကြောင်းကတော့ ကာမီလိုဟာ ဖီဒယ် အပေါ် ထူးထူးကဲကဲ သစ္စာရှိတယ် ဆိုပေမယ့် သူ့သူငယ်ချင်း Matos ကို ဖမ်းမယ့် ကိစ္စမှာတော့ တွန့်ဆုတ်နေခဲ့တယ်လို့ ထောက်ပြကြပါတယ်။ ကာမီလို နဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပြီး သားနာမည်ကိုတောင် ကာမီလို လို့ ပေးထားတဲ့ ချေဂွေဗားရားကတော့ ဒီဟာ မဟုတ်ဘူး လို့ ဖီဒယ်ဘက်ကနေ ပြန်ချေပပါတယ်။ နောက်တစ်မျိုးကတော့ ကျူးဘားတိုက်လေယာဉ်တွေက ကာမီလို ရဲ့ လေယာဉ်ကို မှားပြီး ပစ်ချမိတာလို့ ဆိုပါတယ်။ တချို့က ကျတော့လည်း အမေရိကန်ဘက် ခိုလှုံသွားတယ် ဒါမှမဟုတ် တခြားနိုင်ငံတစ်ခု ထွက်သွားတယ်လို့ ပြောခဲ့ကြသေးပေမယ့် အခုချိန်ထိတော့ ပျောက်နေတုန်း ပါပဲ။ 

သူမှာ နိုင်ငံရေး အတွေးအခေါ် ရှုပ်ထွေးမှု မရှိဘူးလို့ သတ်မှတ်ကြပြီး နိုင်ငံရေး အတွေးအခေါ် မသိရတဲ့ အစုထဲ ထည့်သွင်းထားပါတယ်။ သူဟာ နိုင်ငံရေးမှာ တစ်ယူသန် မဆန်ဘူးလို့ ပြောကြပြီး အကြမ်းဖက်မှုကိုတော့ ငြင်းပယ်သူ ဖြစ်ပါတယ် ခင်ဗျာ။

No comments